ဆရာတော် ဘဒ္ဒန္တဓမ္မဇယော

ဆရာတော် ဓမ္မဇယောဘိက္ခု (လူနာမည် – ချိုင်ရာဘွန် ဆုတိဖွန်း)ကို  ၁၉၄၄ခုနှစ်၊ ဧပရယ်လ ၂၂ရက်၊ စနေနေ့ (တန်ခူးလဆန်း ၁ ရက်နေ့)တွင် ဖွားမြင်ခဲ့သည်။ စင်ဘူရီ (Singhburi) မြို့နယ်၊ ကျောက်ဖရာ (Chao Praya) မြစ်ကမ်းဘေးရှိ အိမ်ငယ်လေးတစ်ခုတွင် ကြီးပြင်းခဲ့သည်။ မိဘများမှာ ဂျန်ရုံ (Janyong) နှင့် ဂျရီဆုတိဖွန်း (Juree Suthipol) တို့ ဖြစ်သည်။ ဖခင်သည် အစိုးရဌာန၌ လုပ်ကိုင်သော အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။

ချိုင်ရာဘွန်၏မိခင်သည် စင်ဘူရီမြို့သို့ မပြောင်းမီက နေထိုင်ခဲ့သော ဖိချစ် (Phichit) ပြည်နယ်တွင် အိပ်မက်တစ်ခု မက်ခဲ့သည်။ အိမ်မက်ထဲတွင် ပြည်သူအများ ကိုးကွယ်ပူဇော်နေကြသော ဖိချစ် (Phichit) ပြည်နယ်ရှိ ဖစ်ဘုရား (Buddha image of Pichit, called ‘Luangpor Petch) မှ ချစ်စရာကောင်းသော သားရတနာ​ တစ်ဦးကို အမေဂျရီထံ ပေးအပ်ခဲ့သည်။ ထို့​နောက် ထိုဖစ်ဘုရားဗုဒ္ဓရုပ်ပွားတော်မှ “ဒီကလေးက သာမာန်ကလေး မဟုတ်ဘူး။ သေသေချာချာ ပြုစုစောင့်ရှောက်ပါ ။ ဒီကလေးက နောင်တချိန်မှာ လူအများရဲ့ အားကိုးရာ ဖြစ်လာလိမ့်မယ်” ဟူ၍လည်း မှာကြားခဲ့သည်။ ဒီကလေးက နောင်တချိန်မှာ လူအများရဲ့ အားကိုးရာ ဖြစ်လာလိမ့်မယ်” လို့ ပြောခဲ့သည်။ နောင်တွင် သူမသည် အိမ်မက်မက်ခဲ့သည်။ အိမ်မက်ထဲတွင် “အလွန်ကြည်ညိုဖွယ်ကောင်းသော ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူကို လက်ခံရရှိခဲ့သည်။ ထိုဗုဒ္ဓရုပ်ပွါးတော်ကို သူမကိုယ်တိုင် သန့်ရှင်းရေးလုပ်, အရောင်ထွက်အောင် ပေါလစ်တင်သည်” ဟူ၍ အိမ်မက်မက်ခဲ့သည်။ အိမ်မက်ထဲတွင် သူမကိုယ်တိုင် ထိုဗုဒ္ဓရုပ်ပွါးတော်ကို ပေါလစ်တင်နေချိန်တွင် ဗုဒ္ဓရုပ်ပွါးတော်မှ ထွက်ပေါ်လာသော ရောင်ခြည်တော်တို့သည် မြို့တော်တစ်ခုလုံးသို့ ထွန်းလင်းတောက်ပ၍ လင်းလက်သွားစေခဲ့သည်။

သူမ၏ အိမ်မက်ကြောင့် မိသားစုတစ်ခုလုံး ပျော်ရွှင်ခဲ့ကြရသည်။ အထူးသဖြင့်  သားဦးလေးကို လူအားလုံးက စံနမူယူရလောက်အောင် အကောင်းဆုံးနှင့် အမွန်မြတ်ဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ စိတ်အားထက်သန်စွာ ရည်ရွယ်ဆုံးဖြတ်ထားသော ဖခင်ကြီး ဂျန်ရုံပင် ဖြစ်ပါသည်။

ချိုင်ရာဘွန်ကို မွေးဖွားသည့်နေ့တွင် တစ်ချိန်က တစ်ဦးနှင့်တစ်ဦး  အဆင်မပြေမှုများကြောင့် အချိန်ကြာမြင့်စွာ မခေါ်ကြသော ဆွေမျိုးများအားလုံးသည်  သူတို့၏ ပထမဦးဆုံးသော တူကလေး မွေးဖွားလာသောနေ့တွင် စည်းစည်းလုံးလုံး  ပြန်လည်ညီညွတ်သွားကြပါသည်မှာ ထူးခြားမှုတစ်ခု ဖြစ်ခဲ့သည်။

ချိုင်ရာဘွန်လေး မွေးဖွားလာခြင်းသည် မိုးနည်းခြောက်သွေ့သော အရပ်သို့ မိုးရွာချလိုက်သဖြင့် အပ်ကွဲကြမ်းတမ်းသော မြေပြင်ကို ချောမွေ့သွားစေသကဲ့သို့ ပုံပမာဖြစ်ရသည်။

ရေစီကြောင်းကဲ့သို့ ကလေးဘဝ၏ ရွေ့လျားပြောင်းလဲမှုများ 

ချိုင်ရာဘွန်၏ဖခင်မှာ နေရာဒေသအမျိုးမျိုးသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ရသော အစိုးရဝန်ထမ်းဖြစ်သောကြောင့် မိခင်ဖြစ်သူ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့သည်။ ပညာသင်ယူရန် ဘန်ကောက်မြို့၊ ဆောချင်ချာ (Sao-Shingsha) တိုင်ရှိ အဆောင်နေဘော်ဒါ တလဘဆိုက်စာ (Talapatsuksa) ကျောင်း၌ အပ်နှံခဲ့သည်။

ကံကောင်းသည်မှာ သားသမီးမရှိသော တော်ဝင်မျိုးရိုးဖြစ်သော ဘော်ဒါကျောင်းပိုင်ရှင်သည် ချိုင်ရာဘွန်ကို သားအရင်းတစ်ယောက်ကဲ့သို့ ချစ်မြတ်နိုးခြင်း ဖြစ်သည်။ ချိုင်ရာဘွန်ကို မွေးစားဖို့ ဖခင်ဆီကို ကမ်းလှမ်းသောအခါ ချစ်မြတ်နိုးရသော တစ်ဦးတည်းသော သားဖြစ်သောကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ မွေးစားခွင့် မရသော်လည်း ဘော်ဒါကျောင်းပိုင်ရှင်သည် ချိုင်ရာဘွန်ကို ချစ်မြတ်နိုးသောကြောင့် စလပထုံ (Sra Pratum) နန်းတော်သို့သွားတိုင်း  အမြဲအတူ ခေါ်သွားလေ့ရှိ၏။ ထိုသို့အတူခေါ်သွားသောကြောင့် မင်းမျိုးမင်းနွယ်တို့၏ ဓလေ့ထုံးစံများကို လေ့လာခွင့် ရရှိခဲ့သည်။ ဘော်ဒါကျောင်းပိုင်ရှင် မိသားစုတို့၏ ရဟန်းတော်များထံ သွားရောက်၍ ကုသိုလ်ပြုရာ ကိစ္စတို့တွင်လည်း ပါဝင်ခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ ဘာသာရေးကို စိတ်ဝင်စား လာခဲ့သည်။

ဖခင်သည် ၁၉၅၀ ခုနှစ်၌ ဖစ်ဘူရီ(Phetchaburi) တွင် တာဝန်ကျသည်။ ထို့ကြောင့် ချိုင်ရာဘွန်သည် လေးတန်းနှစ်တွင် ဘော်ဒါကျောင်းမှ အရုန်ပဒစ် (Aroonpradit) ကျောင်းသို့ ပြောင်း‌ရွေ့ခဲ့ရသည်။ ဖခင်နှင့်အတူ တစ်နှစ်ခန့် နေပြီးသည့်အခါ ရာဇ်ချဘူရီ (Rajchaburi) မြို့နယ် ဘန်ပင်း (Banpong) ရပ်ကွက်တွင် အောင်မြင်ကျော်ကြားသော စာရစင့် ဖိထရာလိုင် ( Sarasit Pithayalai ) ကျောင်းသို့ ပြောင်း‌ရွေ့ ခဲ့ရပြန်သည်။ ဖခင်သည် ချိုင်ရာဘွန်ကို စမာန်ဇန်အရုန်   (Samarn Sang-Aroon) အမည်ရှိသော သနားကြင်နာတတ်သော ဆရာတစ်ယောက်ထံတွင် အပ်နှံကာ ၉တန်းပြီးသည်အထိ အတူနေစေခဲ့သည်။

အသက် ၁၃ နှစ်အရွယ်တွင် ဘန်ကောက်မြို့ထဲတွင်ရှိသော ဇွမ်ကုလပ် ဝိထရာလိုင် (Suankularb Wittayalai) ကျောင်းသို့ ဆယ်တန်းဝင်ခွင့် ဝင်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ထိုကျောင်းဝင်ခွင့်ကို ဝင်ရောက်ဖြေဆိုသူ ၅၀၀ ရှိပြီး အောင်မြင်သူ ၁၅၀ တွင် ချိုင်ရာဘွန်လည်း ပါဝင်ခဲ့သည်။ ချိုင်ရာဘွန်သည် အချိန်အများစုကို တစ်ယောက်တည်းသာ နေထိုင်ခဲ့ရသောကြောင့် သုံးစွဲနည်း၊ စုဆောင်းနည်းတို့ကို ကိုယ်တွေ့သင်ယူခဲ့ရသည်။ ထို့ကဲ့သို့သော အတွေ့အကြုံများက အခြားသောလူငယ်များ၊ သူဌေးသားများနှင့် မတူဘဲ တာဝန်ယူစိတ်ရှိသူ၊ သန်မာသူ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိသူ ဖြစ်လာစေသည်။

ငယ်စဉ်ကလေးဘဝ အတွေ့အကြုံများက သူ၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်စေဖို့ တွန်းအားဖြစ်စေခဲ့ပါသည်။

ကြီးမားသော ကလေးဘဝ အိပ်မက်

ချိုင်ရာဘွန်၏ ခိုင်မာသော ဆုံးဖြတ်ချက်မှာ လောကီပညာကို ပြီးမြောက်အောင် သင်ယူ၍ လောကုတ္တရာပညာကို သင်ယူရန် ဖြစ်သည်။

ချိုင်ရာဘွန်သည် ပညာလိုချင်စိတ်ရှိသူ ဖြစ်သည်။ သူ၏အားလပ်ချိန်များကို စာအုပ်စဉ်နှင့် စာအုပ်ဆိုင်များ၌ အသိပညာဗဟုသုတများ ရှာဖွေရင်း ကုန်ဆုံးစေသည်။ အပျော်အပါးများဖြင့်သာ အချိန်ကုန်နေသော အခြားသော ဆယ်ကျော်သက်များနှင့် မတူဘဲ ခလောင်လတ်နဲ့  စနန်လွန်( Khlong Lod and Sanam Luang ) နားတွင်သာ နေတတ်သည်။ ချိုင်ရာဘွန်သည် အဖြူရောင် တီရှပ်အင်္ကျီနှင့် ဘောင်းဘီတို,ကို အမြဲဝတ်ဆင်လေ့ရှိသည်။  စာဖတ်ခြင်းကို နှစ်သက်သူဖြစ်၏။ တရားစာအုပ်များ တွေ့လျှင်လည်း ထပ်ခါထပ်ခါ အပြန်ပြန်အလှန်လှန် ဖတ်တတ်သူ ဖြစ်၏။ တရားစာပေများကို များများဖတ်လေ လူဘဝ၏ဆင်းရဲမှု အမှန်တရားကို နားလည်လာလေ ဖြစ်၏။ ထင်ရှားကျော်ကြားသူတို့၏ အတ္ထုပ္ပတ္တိကို ဖတ်လျှင်ပင် ထိုသူတို့၏ အမည်များနှင့် အချက်အလက်များကို သေသေချာချာမှတ်မိအောင် အပြန်ပြန်အလှန် ဖတ်ရှုတတ်သူဖြစ်၏။ ဤသို့ဖြင့် စိတ်ထဲသို့ မေးခွန်းတစ်ခု ရောက်လာခဲ့သည်။ “ဘာကြောင့် မွေးဖွားလာကြရတာလဲ။ ဘဝရဲ့ ပန်းတိုင်က ဘာလဲ။” ဒီမေးခွန်းတွေဟာ သူ့အသက်အရွယ်နှင့် နှိုင်းယှဥ်လျှင် အင်မတန်လေးနက်သော မေးခွန်းများ ဖြစ်၏။ အသက် ၁၃ နှစ်အရွယ် ချိုင်ရာဘွန်သည် သူ့အတွေး၌ ဖြစ်ပေါ်လာသောစိတ်ကူးကို ဂျာနယ်တစ်ခုပေါ်သို့ အောက်ပါအတိုင်း ရေးချခဲ့ပါသည်။

“လောကီအကျိုးအတွက် လုပ်ဆောင်ရမည်ဆိုရင်လည်း ထိပ်ဆုံး, အမြင့်ဆုံးအထိ ပြုလုပ်သွားမယ်။ ဘာသာ၊ သာသနာအကျိုးအတွက် လုပ်ဆောင်ရမည်ဆိုရင်လည်း အမြင့်ဆုံးအမြတ်ဆုံးသော သူတော်ကောင်းတရားတို့ကို ရရှိအောင် လုပ်ဆောင်မည်။ ဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာအနှံ့သို့ ပြန့်နှံ့ပြန့်ပွါးအောင် ပြုလုပ်ချင်တယ်။”

ဤသို့ချရေးခဲ့သော လူငယ်လေး၏ အတွေးအိမ်မက်များသည် အမှန်တကယ် ဖြစ်ပေါ်လာမည်ကို မည်သူက သိနိုင်မည်နည်း။ သို့သော် ထိုအချိန်က ထိုလူငယ်လေးသည် ယခုအချိန်၌ တရားအားထုတ်၍ ငြိမ်းချမ်းခြင်း နေမင်းအလင်းရောင်ကို သယ်ဆောင်လာသော, လူအများက ကြည်ညိုလေးစားရသော ကျောင်းထိုင်ဆရာတော်ကြီး တစ်ပါးဖြစ်လာခဲ့ပါသည်။ ကမ္ဘာ့နေရာအနှံ့မှ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတို့ထံ ငြိမ်းချမ်းခြင်းအလင်းရောင်ကို ဖြန့်ကျက်နိုင်ခဲ့လေပြီ။

ဘဝ၏အဖြေများကို ရှာဖြေခြင်း

— ဇွမ်ကုလပ် ဝိထရာလိုင် (Suankularb Wittayalai) ကျောင်း၌ တက်ရောက်စဉ်က ဆရာများစွာထံမှ ဓမ္မစာပေများကို နားထောင်ခဲ့ရဖူးသောကြောင့် သူငယ်ချင်းများနှင့် ဗုဒ္ဓဘာသာလူငယ်အဖွဲ့ကို တည်ထောင်ချင်ခဲ့သည်။ ဓမ္မစာပေဟောပြောမှုရှိသည်ဟု သိရလျှင် မည်သည့်နေရာပင်ဖြစ်စေ မလွတ်တမ်း သွားရောက်၍ နားထောင်တတ်၏။ ဝပ်မဟာထပ်ကျောင်းနှင့် အခြားနေရာများသို့လည်း သွားရောက်၍ နားထောင်တတ်သည်။

ဆယ်ကျော်သက်အရွယ်၌ ဓမ္မစာပေများကို ပို၍လေ့လာလိုသော စိတ်ဆန္ဒဖြစ်ခဲ့သည်။ အားလပ်သော အချိန်များတွင် အေးဆေးဆိပ်ငြိမ်သော နေရာသို့သွား၍ စိတ်ထဲ၌ဖြစ်လာသော “ဘာကြောင့် မွေးဖွားလာကြရတာလဲ? သေပြီးရင်ရော ဘယ်ကို သွားရမလဲ? နတ်ပြည်၊ ငရဲပြည် ဆိုတာကရော တကယ်ရှိတာလား? အစရှိသော မေးခွန်းများကို ဆင်ခြင်စဉ်းစားနေလေ့ရှိ၏။ ဗုဒ္ဓစာပေများကို လေ့လာဖတ်ရှုခဲ့ပြီးနောက် ဤကဲ့သိုလေ့လာမှတ်သား သိရှိရုံမျှသည် မျက်လုံးတစ်ဖက်တည်းသာ ရှိသည်နှင့် တူ၏။ လေ့လာမှတ်သားထားသော တရားဓမ္မများကို လက်တွေ့ကျင့်ကြံအားထုတ်မှု မပြုပါက တရားတော်၏ အကျိုးအနှစ်ကို မရရှိနိုင်သေးပေ။ ဤသို့ဖြင့် မေးခွန်းများစွာ ထပ်မံဖြစ်ပေါ်လာရပြန်သည်။

စိတ်၌ဖြစ်ပေါ်လာသော မေးခွန်းများ၏အဖြေကို ရှာဖွေရန် ကောင်းကင်ပြာကြီးဆီသို့ ငေးစိုက်ကာ ကြည့်နေခဲ့သည်။ အခြားသောလူငယ်များ အပျော်အပါးနောက်သို့ လိုက်နေချိန်၊ အောင်မြင်ဖို့ ချမ်းသာကြွယ်ဝဖို့ တွေးတောနေချိန်၊ လက်ထပ်ဖို့ အစီအစဉ်ဆွဲနေချိန်မှာ ချိုင်ရာဘွန်သည် ထိုလူငယ်များနှင့်မတူဘဲ ကွဲပြားခြားနားနေသည်။ သို့သော် အမဲရောင်မျက်မှန်နောက်မှ ခိုင်မားပြတ်သားသော မျက်လုံးတို့ဖြင့် ရည်မှန်းချက်အတိုင်း အဖြေကို ရှာဖွေရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည်။ စာအုပ်များစွာကို ရှာဖွေဖတ်ရှု၍ သုတေသနပြုခဲ့သည်။ အောင်မြင်ကျော်ကြားသော ပညာရှင်တို့၏ စာပေများကို ဆန်းစစ်လေ့လာခဲ့သည်။

အဖြေအပိုင်းအစများ

တစ်နေ့တွင် စာအုပ်များကို ရှာဖွေဖတ်ရှုရင်း “ဓမ္မကာယ” ခေါင်းစဉ်ဖြင့် စာအုပ်တစ်အုပ်ကို ဖတ်မိခဲ့သည်။ ထိုစာအုပ်မှာ ဝပ်ပါနမ်ဘာစီချရွန်ကျောင်းတိုက် (Wat Paknam Bhasicharoen) ဆရာတော်ကြီး ဦးမွန်ခွန်ထေရ်မုနိ (ရာထူးဘွဲ့ထူး-စော့ကျန်ထစရော) ရေးသားထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ထဲတွင်  ရေးထားသော “လူတစ်ယောက်သည် မှန်ကန်သော ဗုဒ္ဓလမ်းစဉ်ကို လိုက်လိုပါက ရှေးဦးစွာ နားလည်သဘောပေါက်အောင် ကိုယ်တိုင် ကြိုးစားအားထုတ်ရမည်” ဟူသော စာကြောင်းကို သတိထားမိခဲ့သည်။

“ဓမ္မကာယ” ဟူသော စာလုံးက သူ့သဏ္ဍာန်သို့ ရောက်လာသည်။ စာအုပ်ထဲတွင် ဆရာတော်ဘုရားကြီးက “ဓမ္မကာယဆိုတာ ဗုဒ္ဓဖြစ်တယ်” ဟု ဆိုထား၏။ ပိဋကပါဠိတော်မှ “ဓမ္မကာယော ဣတိပိ…” ဟူသော စာကြောင်းကို အထောက်အထား ပြထား၏။ စာအုပ်၏ အဆုံးတွင် ဝပ်ပါနမ်ကျောင်းတိုက်တွင် နားလည်သဘောပေါက်အောင် သင်ကြားပြသနိုင်သည်” ဟူ၍ ရေးသားထားသောကြောင့် ချိုင်ရာဘွန်သည် လမ်းကြောင်းအမှန်ကို တွေ့ပြီဟု နားလည်လိုက်သည်။

နောင်တွင် ဓမ္မကာယတရားအားထုတ်နည်း၌ အဆင့်မြင့်နားလည်သော သီလရှင်ဆရာလေး ဒေါ်စန္ဒာ၏ တရားထူးအဆင့်အကြောင်း ရေးသားထားသည့် ဘန်တာဆန်ဝိပဿနာ (Vipassana Bantuengsarn) ဟူသော ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖတ်ခဲ့ရသည်။ ဆရာလေးဒေါ်စန္ဒာမှာ ဝပ်ပါနမ်ဆရာတော် (ဦးမွန်ခွန်ထေရ်မုနိ) ၏ တပည့်မ တစ်ယောက်ဖြစ်သည်။ ချိုင်ရာဘွန်သည် ဝပ်ပါနာမ်ကျောင်းသို့ သွားရောက်၍ တရားအာထုတ်လိုသော စိတ်ဆန္ဒပြင်းပြလာကာ တရားအားထုတ်သွားရန် အစီအစဉ်ရေးဆွဲခဲ့သည်။

ဆရာကို ရှာဖွေခြင်း

၁၉၆၃ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်သို့ ရောက်သောအခါ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုရန် ပြင်ဆင်ခဲ့သည်။ လူငယ်လေး ချိုင်ရာဘွန်သည် ဝပ်ပါနာမ်ကျောင်းတိုက်သို့သွား၍ ဆရာလေးဒေါ်စန္ဒာ၏ တပည့်ခံယူကာ တရားအားထုတ်မည်ဟု ဆုံးဖြတ်ချက်ချထားသည်။ ကျောင်းတိုက်သို့ သူရောက်သောအခါ “ခွန်မဲ့အာစရိယစန္ဒာကို သိပါသလား?”ဟု မေးသောအခါ မည်သူမျှ မသိကြပေ။ “ဒီမှာ ခွန်မဲ့အာစရိယစန္ဒာဆိုတာ မရှိဘူး။ ဆရာကြီးဒေါ်စန္ဒာဆိုတာပဲ ရှိတယ်” ဟု ပြန်ဖြေကြ၏။ သူ၏စိတ်တွင် “ဒါက လူနှစ်ဦးလား” ဟု ထင်မှတ်စေခဲ့သည်။ သူတွေ့ချင်သော ခွန်မဲအာစရိယစန္ဒာကို မတွေ့ခဲ့ရသောကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်အတွက် အာရုံစိုက်ထားလိုက်၏။ ထို့နောက် ကေဆာဆက်တက္ကသိုလ်သို့ ဝင်ခွင့်အောင်မြင်ခဲ့သည်။

တက္ကသိုလ်ပထမနှစ်၏ ပထမနှစ်ဝက်တွင် ကျောင်းစာကိုသာ အာရုံစိုက်လေ့လာခဲ့သည်။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလတွင် ပထမနှစ်ဝက် ပြီးဆုံး၏။ ပထမနှစ်ဝက်ပြီးဆုံးသောအခါ ခွန်မဲ့အာစရိယစန္ဒာနှင့် တွေ့ဆုံရန် ဝပ်ပါနာမ်ကျောင်းတိုက်သို့ နောက်တစ်ကြိမ် ပြန်လာခဲ့၏။ ဒုတိယအကြိမ်တွင်လည်း သူမကို မတွေ့ခဲ့ရပေ။ ထို့နောက် “အဲဒီလောက်မှ တရားအားထုတ်ချင်နေရင်လည်း စီနီယာရဟန်းတစ်ပါးပါးထံကနေ ဓမ္မကာယတရားနည်းကို လေ့လာသင်ယူပြီး အားထုတ်ပါလား” ဟု လူတစ်ဦးမှ အကြံပေးလာသည်။ အကြံပေးသည့်အတိုင်း အားထုတ်ပြီးနောက် အချိန်အနည်းငယ်ကြာသည့်အခါ တရားအားထုတ်ဖော် ဓမ္မမိတ်ဆွေတစ်ဦးထံမှ ခွန်မဲ့အာစရိယစန္ဒာနှင့် ဆရာကြီးဒေါ်စန္ဒာဆိုသည်မှာ အတူတူဖြစ်သည်ကို သိခွင့်ရခဲ့သည်။ ချိုင်ရာဘွန်ကို ဆရာကြီးဒေါ်စန္ဒာနှင့် တွေ့ဆုံရန် ခေါ်သွား၏။  နောက်ဆုံးတွင် သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြသည်။

ငြိမ်းချမ်းရေးဆီ ညွှန်ပြသော ဆရာတစ်ဆူကို ရှာဖွေတွေ့ရှိခြင်း

ဆရာကြီးဒေါ်စန္ဒာနှင့် ပထမဆုံး တွေ့ဆုံချိန်တွင် ဆရာကြီးဒေါ်စန္ဒာမှာ သက်တော် ၅၃ နှစ် ရှိလေပြီ။ သူမသည် သာမန်သီလရှင်တစ်ပါးကဲ့သို့ပင် ပိန်ပိန်ပါးပါးလေးဖြစ်၏။ သို့သော် အသိဉာဏ်ပညာ နက်နဲသူတို့၏ လက္ခာဏဖြစ်သည့် ထက်မြတ်၍ တောက်ပသော မျက်ဝန်းတို့ကို ပိုင်ဆိုင်ထား၏။ သူမသည် စိတ်ဓာတ်ခိုင်မာသူ ဖြစ်၏။ သန်စွမ်း၏။ သြဇာကြီး၏။ ကြင်နာတရားတို့နှင့် ပြည့်ဝသောသူဖြစ်၏။ သူမသည် အတန်းပညာကို ကောင်းစွာမသင်ယူခဲ့ရသော်လည်း နက်နက်နဲနဲမေးလာသော တရားဓမ္မမေးခွန်းများကို ဖြေဆိုနိုင်သူ ဖြစ်၏။ တစ်ဖက်သူ၏စိတ်ကို ဖတ်နိုင်သော စွမ်းရည်လည်း ရှိ၏။ သူမ၏ လေးနက်သော တရားဓမ္မအဖြေများသည် မေးခွန်းမေးသူ၏စိတ်ကို ကြည်လင်တောက်ပ လင်းလက်သွားစေ၏။ အတွေးအမြင်သစ် တစ်ခုခုကို ရရှိသွားစေ၏။ လောကလမ်းစဉ်အမှားမှ သွေဖယ်သွားစေ၏။

လူငယ်ချိုင်ရာဘွန်သည် ဆရာကြီးဒေါ်စန္ဒာနှင့် ပထမဆုံး တွေ့သည့်အချိန်တွင် အချိန်ကာလကြာမြင့်စွာ ရှာဖွေခဲ့ရသော တွေ့ချင်နေခဲ့သော ဆရာစစ်ကို တွေ့ပြီဟု နားလည်ခဲ့သည်။ ထို့ကြောင့် ယုံကြည်စိတ်ချစွာနှင့် ဆရာကြီး၏တပည့်အဖြစ် သတ်မှတ်ရန်၊ တပည်ခံယူကြောင်းကို ခွင့်ပန်ခဲ့သည်။ ထို့နောက် ဆရာကြီးဒေါ်စန္ဒာ၏ နှုတ်မှ “ဒုတိယကမ္ဘာစစ်အတွင်းတုန်းက လူဘဝထဲကို ရောက်လာတဲ့ လုံပူဝပ်ပါနာမ် (ဝပ်ပါနာမ်ဆရာတော်) ပြောတဲ့ တစ်ယောက်ကိုး” ဟု ပြောလာ၏။ ထိုစကား၏အဓိပ္ပါယ်ကို နားမရှင်းသော်လည်း “ဒုတိယကမ္ဘာစစ်မှာ မွေးလာတယ်” လို့ ဆရာကြီးဒေါ်စန္ဒာမှက တိတိကျကျ ပြောလာတဲ့ စကားဖြစ်တယ်။

ချိုင်ရာဘွန်သည် သိချင်နေခဲ့သော မေးခွန်းများကို ဆရာကြီးဒေါ်စန္ဒာအား မေးမြန်းတော့၏။ အဖြေရရှိသည့်အခါ ဆရာမှန်ကိုတွေ့ပြီဟု ယုံကြည်သွား၏။ ဗုဒ္ဓဘာသာ၌ တွေ့ရှိရသော ငြိမ်းချမ်းရေးကို ကမ္ဘာအရပ်ရပ်သို့ ပြန့်ပွားစေရန် ဆောင်ရွက်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ ငယ်စဥ်ကတည်းမှ မက်ခဲ့ရသော အိမ်မက်ကြီးကို အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည်။

စိတ်၌မရှင်းမလင်းဖြစ်၍ မေးလာသော ချိုင်ရာဘွန်၏ အမေးအားလုံးကို ဆရာကြီးဒေါ်စန္ဒာမှ မျှော်လင့်ထားသည်ထက်ပင် ပိုရှင်းသွားအောင်၊ အသိဉာဏ်ပညာ တိုးပွါးလာအောင် ပြန်ဖြေကြားပေးနိုင်၏။ “ဗုဒ္ဓတရားတော်များ ပြန့်ပွါးစေရေး၊ ငြိမ်းချမ်းမှုနှင့် စည်းလုံးမှုများ ကမ္ဘာ့သို့ ပြန့်ပွါးစေရေး” လုပ်ငန်းများ လုပ်ဆောင်ရန် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။

ဘဝပန်းတိုင် ဘဝရည်းမှန်းချက်ကို နားလည်ခြင်း

ဆရာကြီးဒေါ်စန္ဒာနှင့် ပထမဆုံး တရားထိုင်သောနေ့တွင် “ဖွားဖွားဆရာကြီး(ခွန်ယိုင်)ဘုရား… နတ်ပြည်တို့ ငရဲပြည်တို့ ဆိုတာ တကယ်ရှိတာလားဘုရား” ဟု မေးမြန်းခဲ့သည်။ ဆရာကြီးဒေါ်စန္ဒာသည် ထိုအမေးကို ရိုးရှင်းစွာ  ဖြေခဲ့သည်။ “ရှိတာပေါ့။ ငရဲပြည်ရော နတ်ပြည်ရော တကယ်ရှိတာပေါ့။ ဖွားဆရာကြီးကိုယ်တိုင် ဖွားဆရာကြီးရဲ့အဖေကို  ကူညီခဲ့တုန်းက  ရောက်ဖူးခဲ့တယ်။ အဖေက အရက်တွေ နေ့တိုင်းသောက်တဲ့ အရက်သမားကြီးလေ၊  အဖေသေတော့ ငရဲကို ရောက်သွားတယ်။ အဲဒီတုန်းက အဖေ့ကို နတ်ပြည်ရောက်အောင် ဓမ္မကာယအစွမ်းနဲ့ ကူညီခဲ့ဖူးတယ်။ မင်းရော နတ်ပြည်ကို ရောက်ချင်လား။ မင်းကို  နတ်ပြည်သွားတဲ့နည်းလမ်း သင်ပေးမယ်။ အတူတူ နတ်ပြည်ကို သွားကြရအောင်။” ထိုအဖြေမှာ ရိုးရှင်း၍ အရင်က ကြားဖူးခဲ့သည်များနှင့် လုံးဝဆန့်ကျင်နေပြီး  လိုချင်သောအဖြေကို တိုက်ရိုက်ရောက်သော အဖြေဖြစ်သည်။ ဆရာကြီးဒေါ်စန္ဒာသည် သူမကိုယ်တိုင်  ကိုယ်တွေ့ကြုံခဲ့ရခြင်း ဖြစ်သောကြောင့် သူမကိုယ်သူမ ယုံကြည်မှုရှိနေသည်ကို မြင်တွေ့နေရသည်။ အကြောင်းမှာ ဝပ်ပါနမ်ဆရာတော် (လုံပူဝပ်ပါနမ်) သက်တော်ထင်ရှားရှိစဥ်၌ ဆရာတော်ဘုရားကြီး၏ အနီးတွင် အခြားသော သံဃာတော်များ၊ သီလရှင်များနှင့်အတူ တရားထိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသံဃာတော်များနှင့် သီလရှင်များမှာ တရားအားထုတ်ရာတွင် ထူးခြားစွာ အားထုတ်ကျင့်ကြံနိုင်သောကြောင့်၊ အာရုံစူးစိုက်မှုရှိသောကြောင့် ဝပ်ပါနမ်ဆရာတော် (လုံပူဝပ်ပါနမ်) ကိုယ်တိုင် ရွေးချယ်ထားသူများ ဖြစ်သည်။

ထိုအချိန်က ဆရာကြီးဒေါ်စန္ဒာသည် မနက် ၆ နာရီကြာ၊ ည ၆ နာရီကြာ အဓိဌာန်ဖြင့် တရားထိုင်ခဲ့သည်။ သူမသည် တရားအားထုတ်ရာတွင် ထူးချွန်သောကြောင့် ဝပ်ပါနမ်ဆရာတော်ဘုရားကြီးမှ “စန္ဒာဟာ အတော်ဆုံး တပည့်ဖြစ်တယ်။ နှစ်ယောက် မရှိနိုင်တော့သော သူမျိုးဖြစ်တယ်“ ဟုပင် တရားအားထုတ်သူများကြားတွင် ချီးကျူးခဲ့ဖူးသည်။

ချိုင်ရာဘွန်သည် အချိန်အတန်ကြာ  ဆရာကြီးဒေါ်စန္ဒာနှင့်အတူ တရားအားထုတ်ပြီးနောက် ဟိုးအရင်ကတည်းက  သိချင်နေခဲ့သော  “ကျွန်ုပ်တို့သည် အဘယ်ကြောင့် မွေးဖွားလာကြသနည်း။ ဘဝ၏  စစ်မှန်သော  ပန်းတိုင်က ဘာလဲ” ဟူသော မေးခွန်း၏အဖြေကို တရားအားထုတ်ရင်းဖြင့် တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့သည်။ ထိုမေးခွန်း၏ အဖြေမှာ “ကျွန်ုပ်တို့လူသားအားလုံးသည်  စွဲလမ်းမှု (ဥပါဒါန်) ကြောင့် ဘဝအသစ်တစ်ဖန် ပြန်လည်၍ မွေးဖွားလာကြရတယ်။ လူသားအားလုံးအတွက် နိဗ္ဗာန်သည်သာ  အမြင့်ဆုံးသော အမြတ်ဆုံးသော နောက်ဆုံးပန်းတိုင်ဖြစ်တယ်” ဟူ၍ ဖြစ်ပါသည်။

ငြိမ်းအေးမှု-သုခအစစ်ကို ရရှိသည်အထိ ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်၍ တရားထိုင်ခြင်း

ချိုင်ရာဘွန်အတွက် တရားအားထုတ်ခြင်းသည် အရေးကြီးလုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ နေ့စဉ်ဘဝ၌ တရားအားထုတ်ခြင်းဖြင့်  အချိန်ကုန်လေ့ရှိ၏။ နေ့စဉ် နံနက် ၆နာရီတွင် ကဆစ်စပ် (Kasetsart University) စိုက်ပျိုးရေးတက္ကသိုလ်မှ ဘတ်စ်ကား သုံးဆင့်စီး၍ ဆရာကြီးဒေါ်စန္ဒာ (ခွန်ယိုင်) ရှိသော ဝပ်ပါနမ်ဘာစီကျရိန်းကျောင်းတိုက်သို့ သွားသည်။ ချိုင်ရာဘွန်သည် ဘတ်စ်ကားပေါ်တွင် နေရာရ၍ ထိုင်ရသည်ဖြစ်စေ၊ နေရာမရ၍ ရပ်လိုက်ရသည်ဖြစ်စေ ဝပ်ပါနမ်ကျောင်းတိုက်သို့ မရောက်မချင်း မျက်လုံးကိုမှိတ်ကာ တရားရှုမှတ်ရင်း  လိုက်ပါလေ့ရှိသည်။ ဝပ်ပါနာမ်ကျောင်းတိုက်သို့ နံနက် ၈နာရီ မထိုးမီ ရောက်၏။  ကျောင်းတိုက်သို့ ရောက်လျှင်ရောက်ချင်း ဆရာကြီးဒေါ်စန္ဒာ (ခွန်ယိုင်) ထံသို့ တန်းသွားကာ  တရားအားထုတ်၏။ နံနက် ၁၀ နာရီခန့်တွင် ကဆစ်စပ် (Kasetsart University) စိုက်ပျိုးရေးတက္ကသိုလ်သို့ ပြန်သည်။

ချိုင်ရာဘွန်သည် အဆောင်တွင် သူငယ်ချင်းများ အိပ်နေချိန် နံနက် ၃ နာရီတွင် ထ၍  တရားထိုင်လေ့ရှိ၏။ နံနက်စောစောအချိန်သည်  တိတ်ဆိတ်သောကြောင့်၎င်း၊ အနားယူအိပ်စက်၍  အိပ်ရေးဝပြီ ဖြစ်သောကြောင့်၎င်း တရားထိုင်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ နံနက်စောစောထ၍ တရားထိုင်လျှင် သူငယ်ချင်းများ မမြင်နိုင်သည့်နေရာတွင် ထိုင်၏။ သူငယ်ချင်းများအား အနှောက်အယှက်မဖြစ်စေရန် ဖြစ်သည်။ တခါတွင် အပေါ့အပါးသွားရန် အိပ်ယာမှ နိုးလာသော သူငယ်ချင်းသည် စောင်များကာရံ၍ တရားထိုင်နေသော ချိုင်ရာဘွန်ကိုမြင်ကာ လန့်သွားဖူးသည်။ တရားထိုင်နေသည်ကို သိသောအခါ နားလည်သွားကြသည်။ တဖြည်းဖြည်းနှင့် ရင်းနှီးသော သူငယ်ချင်းများကို ခွန်ယိုင်ထံတွင် တရားအားထုတ်ရန် ဝပ်ပါနမ်‌ကျောင်းတိုက်သို့ အတူလိုက်ရန် ဖိတ်ခေါ်ခဲ့သည်။ နောက်ပိုင်းတွင် များစွာသော သူငယ်ချင်းများသည် သူနှင့်အတူ ကျောင်းတိုက်သို့ လိုက်လာတတ်ကြသည်။

တက္ကသိုလ်ကျောင်းသား ဖြစ်လာသောကြောင့် လောကီပညာနှင့် ဓမ္မပညာ နှစ်ရပ်လုံးကို လေ့လာသင်ယူရန် လိုအပ်ကြောင်း သိရှိလာသည်။ အသက်မွေးဝမ်းကြောင်းအတွက် လောကီပညာသည် လိုအပ်သည်။ ဓမ္မပညာသည်ကား ဘဝ၏လျို့ဝှက်ဆန်းကျယ်သော သံသယမေးခွန်းများဖြစ်သည့် “ဒီဘဝက သေပြီးရင် ဘယ်ကိုသွားရမလဲ? နတ်ပြည်, ငရဲပြည်ဆိုတာက တကယ်ရှိလား? ဘယ်လိုနည်းနဲ့ ရှိတယ်ဆိုတာကို သိမြင်နိုင်မလဲ?” စသည်တို့ကို အဖြေထုတ်နိုင်ရန်၊ ထို့အပြင် စိတ်အားအင် ဖြည့်တင်းရန် ကုသိုလ်စိတ် ဖြစ်စေရန်တို့အတွက် လိုအပ်သည်။ ထို“ဓမ္မပညာ”ကိုကား မည်သည့်တက္ကသိုလ်မှာမှ သင်ကြားပေးမည် မဟုတ်ပါ။ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၌သာ လေ့လာနိုင်သည်။  ထို့ကြောင့် ချိုင်ယာဘွန်သည် တက္ကသိုလ်စာသင်ခန်းထက် ဓမ္မစာသင်ခန်းတွင် ပို၍အချိန်ကုန်ခဲ့သည်။ နံနက်ခင်းပိုင်းတွင် စာမေးပွဲရှိ၍ ဝပ်ပါနာမ်ကျောင်းသို့ တရားထိုင်မသွားရလျှင် စာဖြေပြီး နေ့လည်ပိုင်းတွင် မဖြစ်မနေသွား၍ တရားထိုင်သည်။ ဤနည်းဖြင့် တက္ကသိုလ်ပြီးသည်အထိ တရားထိုင်ခြင်းကို မပြတ်ပုံမှန် လုပ်ဆောင်ခဲ့သည်။

လူငယ်ချိုင်ရာဘွန်သည် တရားအားထုတ်ရာတွင် ထူးချွန်သော လေးစားရသော ဆရာကြီးဒေါ်စန္ဒာ(ခွန်ယိုင်)နှင့်အတူ အမြဲပုံမှန် တရားအားထုတ်ခဲ့သည်။ ခွန်ယိုင်သည်လည်း ချိုင်ရာဘွန်၏ အားထုတ်မှုအပေါ် ကျေနပ်အားရခဲ့သည်။ ခွန်ယိုင်ထံတွင် အရင်ကတည်းက တရားအားထုတ်နေကြသော တရားအားထုတ်သူများပင် ချိုင်ရာဘွန်၏ တရားအားထုတ်မှု စွမ်းရည်အပေါ် အသိအမှတ်ပြုကြရသည်။ ခွန်ယိုင်သည် ချိုင်ရာဘွန်ကို တရားအားထုတ်သူများအား ဦးဆောင်ခွင့်ပြုခဲ့သည်။

ချိုင်ရာဘွန်သည် တရားအားထုတ်၍ သမာဓိရလာသည့်အခါ  စိတ်အေးချမ်းမှုကို ခံစားလာရသည်။ ထိုသို့ စိတ်အေးချမ်းမှု ငြိမ်းချမ်းမှုကို ခံစားလာရသောအခါ ချိုင်ရာဘွန်သည် မြတ်ဗုဒ္ဓအပေါ် ပို၍ပို၍ ကြည်ညိုလေးစားကာ ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်လာသည်။  တရားအားထုတ်ခြင်း၏ အသီးအပွင့်များမှာ လောကီလူသားတို့ ကြုံတွေ့ခံစားနေရသော  ဒုက္ခဝေဒနာများကို ငြိမ်းအေးစေနိုင်ကြောင်း နားလည်သဘောပေါက်လာခဲ့သည်။  သူသိချင်နေသေးသော မေးခွန်းလက်ကျန်များ၏ အဖြေကိုလည်း စိတ်ထဲမှာ အလိုလို သဘောပေါက် နားလည်လာပါသည်။

ရွှေဝါရောင်သင်္ကန်းဖြင့် ရှေ့သို့လျှောက်လှမ်းခြင်း

လောကလူအများ သင်ယူနေသော လောကီပညာများသည် ဆင်းရဲခြင်းဒုက္ခမှ အမှန်တကယ် လွတ်မြောက်အောင် မစွမ်းဆောင်နိုင်။ စစ်မှန်သော ငြိမ်းချမ်းမှုကိုလည်း မရနိုင်။ လောကုတ္တရာပညာ (ဓမ္မတရား) သည်သာ ဆင်းရဲမှုမှ လွတ်မြောက်အောင် ကယ်တင်နိုင်သည်ကို ချိုင်ရာဘွန်သည် ရှင်းလင်းပြတ်သားစွာ နားလည်လာခဲ့သည်။ ထို့နောက် ချိုင်ရာဘွန်သည် ဆရာကြီးဒေါ်စန္ဒာ (ခွန်ယိုင်) ထံတွင် ရဟန်းပြုဖို့  ခွင့်တောင်းခဲ့သည်။ ဆရာကြီးဒေါ်စန္ဒာသည် ချိုင်ရာဘွန်၏ တောင်းဆိုမှုကို မငြင်းဆို။ သို့သော် တက်နေဆဲဖြစ်သော တက္ကသိုလ်ပညာရေးကို ပြီးဆုံးအောင်လိုက်ဖို့ တိုက်တွန်းခဲ့သည်။ “မင်းဟာ လောကီပညာရေးကိုလည်း ထိုက်သင့်သလောက် တတ်သိနားလည်ထားရမယ်။ လောကုတ္တရာပညာမှာလည်း ကျွမ်းကျင်ပိုင်နိုင်ရမယ်။ ဒါမှသာ သာသနာ့ဘောင် ဝင်လာတဲ့အခါမှာ ဗုဒ္ဓဘာသာအတွက် အကျိုးဖြစ်ထွန်းလိမ့်မယ်။ ဘာသာရေး တစ်ခုတည်းနဲ့ ရပ်တည်လို့ မရသေးဘူး” ဟု အကြံပေး ပြောဆိုသည်။ ခွန်ယိုင်၏ အကြံပေးမှုကို လက်ခံလိုက်နာခဲ့သည်။

၁၉၆၈ ခုနှစ်၌ ကျရောက်သော (တရားဓမ္မများ သင်ကြားပြသပေးသော) ဆရာကြီးဒေါ်စန္ဒာ (ခွန်ယိုင်)၏ မွေးနေ့တွင် ကျေးဇူးဆပ်သောအားဖြင့် ချိုင်ရာဘွန်သည် သူ၏ကျန်ရှိနေသော ဘဝတစ်ခုလုံးကို မွေးနေ့လက်ဆောင်အဖြစ် အဓိဋ္ဌာန်ပြု၍ ပေးအပ်ခဲ့သည်။ ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သော မွေးနေ့လက်ဆောင် ဖြစ်သည်။ တရားဘာဝနာ ကြိုးစားအားထုတ်ရန် လူ့ဘောင်လောကကို စွန့်ပယ်၍ သာသနာတော်အတွက် ပေးအပ်လိုက်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သော ဆုံးဖြတ်ချက်ဖြစ်သည်။ ခွန်ယိုင်သည် ချိုင်ရာဘွန်၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်ပီတိဖြစ်နေခဲ့သည်။ သူမကိုယ်တိုင် ကြိုးစားအားထုတ်၍ သင်ကြားပေးခဲ့ရမှု၏ ရလာဒ်ဖြစ်ကြောင်း သူမကိုယ်တိုင် သိရှိခံစားလိုက်ရသည်။

ချိုင်ရာဘွန်သည် ၁၉၆၉ခုနှစ်၊ ဧပရယ်လတွင် စီပွါးရေးဘာသာ အထူးပြုဖြင့် ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် သာသနာ့ဘောင် ဝင်မည့်အကြောင်း ဖခင်ဆီကို အကြောင်းကြားခဲ့သည်။

ယခင်ကတည်းက ဖခင်မှ “ဘွဲ့ရပြီးမှသာ သာသနာ့ဘောင်ဝင်ရန်” ကတိပြုထားခဲ့ပြီး ဖြစ်ရကား ဆန္ဒပြည့်ဖို့ အချိန်ယူခဲ့ရသည်။ မိခင်ကလည်း သာသနာပြုဖို့အတွက် သာ့သနာဘောင်သို့ ဝင်ရောက်ခွင့် တောင်းသည့်အခါ ဝမ်းမြောက်ဝမ်းသာနှင့် ကျေကျေနပ်နပ်ကြီးပင် ခွင့်ပြုခဲ့သည်။

ချိုင်ရာဘွန်သည် ၁၉၆၉ ခုနှစ် သြဂုတ်လ ၂၇၊ ဝါခေါင်လပြည့်နေ့မှာ ဝပ်ပါနာမ်ကျောင်းတိုက် သိမ်း‌ကျောင်း၌ သိမ်ဝင်၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဆရာတော် ဖရာ့ထေရ်ဝါရဝေထီ (Venerable Phrathepwarawaetee) – (ထိုင်းနိုင်ငံ၊ ဝပ်ပါနာမ်ကျောင်းတိုက်တွင် လက်ရှိကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တမဟာမင်္ဂလ (Somdejphramaharatchamangkalajahn) သည် ဥပဇ္ဈာယ်ဆရာ ဖြစ်သည်။ ရဟန်းခံပွဲတွင် ကမ္မဝါစာဆရာတော်မှာ ဖရာ့ခဒိုးဖိဖတ်ဓမ္မကနေ (Venerable Phrakrupipatdhammakanee) ဖြစ်၍  အနုဿာဝန-ကမ္မဝါစာဆရာတော်မှာ ဖရာ့ဝိချင်း (Venerable Phravicheankawee) ဖြစ်သည်။ ရဟန်းဘွဲ့အမည်မှာ ဓမ္မဇယော ဖြစ်၍ အဓိပ္ပါယ်မှာ “တရားတော်ကို အောင်မြင်သူ” ဟူ၍ ဖြစ်သည်။

ရဟန်းဝတ်ပြီးနောက် ဦးဇင်းလေးဓမ္မဇယောသည် “ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးအဖြစ် သာသနာ့ဘောင် ဝင်ရောက်နိုင်ဖို့ဆိုတာ ထင်သလောက်  မလွယ်ကူဘူး။ အဝါရောင်သင်္ကန်းကို ကိုယ်ပေါ်လွှားခြုံထားရုံနဲ့ ပြီးသွားတာ မဟုတ်ဘူး။ မြတ်စွားဘုရား ချမှတ်ခဲ့သော ၂၂၇-သွယ်သော သိက္ခာပုဒ်တွေကိုလည်း လိုက်နာရတယ်။ ရဟန်းတစ်ပါး၏ နေ့စဉ်ကျောင်းတိုက်တာဝန်တွေ၊ ကျောင်းတိုက်စည်းကမ်းတွေကိုလည်း  လိုက်နာရသေးတယ်။ သာသနာ့ဘောင်ကို ဝင်ရောက်လာပြီး ကုသိုလ်ကောင်းမှုကို  အပြည့်အဝရချင်ရင်တော့ သာသနာ့ဘောင်ကို ခိုလုံစရာတစ်ခုလို သဘောမထားဘဲ ကိုယ်တိုင်ကလည်း သာသနာအတွက် အကျိုးပြုနိုင်အောင် ကြိုးစားဖို့ လိုအပ်တယ်” ဟု တွေးကြံစဉ်းစားခဲ့သည်။

ဤသို့ဖြစ်ပေါ်လာသော အတွေးအကြံမှာ လွယ်လွယ်ကူကူ ရလာသည်တော့မဟုတ်။ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏ အရေးပါပုံကို သိရှိနားလည်ရန် မိမိကိုယ်တိုင် လေ့လာ၍ ကျင့်ကြံအားထုတ်ရသည်။ ထိုအပေါ်အခြေခံ၍ လူတစ်ဦးသည် ဆရာတော်ဓမ္မဇယော၏ အယူအဆကို အမှန်တကယ် ဆုပ်ကိုင်ထားလျှင် ဗုဒ္ဓဘာသာအတွက် ဘဝကို ပေးအပ်လိုသော သတ္တိရှိလာပါလိမ့်မည်။ ရဟန်းအဖြစ်သို့ ဝင်ရောက်လာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မြတ်ဗုဒ္ဓ၏ တရားတော်များကို ကမ္ဘာ့အရပ်ဒေသ အသီးသီးသို့ ပြန့်ပွားစေရန်ဖြစ်သည်။ ဆရာတော်ဓမ္မဇယော သာသနာ့ဘောင်သို့ ဝင်ရောက်လာခြင်းကြောင့် ဆရာတော်၏ နောက်လိုက်သာဝက တပည့်များစွာတို့သည် ဆရာတော်ကို အတုယူကာ သာသနာ့ဘောင်သို့ ဝင်ရောက်လာကြသည်မှာ စံယူထိုက်သော လုပ်ရပ်တစ်ခုဖြစ်သည်။ ဆရာတော်ကို စံနမူနာယူ၍ သာသနာ့ဘောင်သို့ ဝင်ရောက်သော ဤဓလေ့သည် ယနေ့တိုင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

လယ်ယာမြေမှ ကျောင်းတိုက်အဖြစ်သို၌ ပြောင်းလဲခြင်း

ဆရာတော်ဓမ္မဇယောသည် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ရဟန်းတစ်ပါးစောင့်ထိန်းရမည့် ဝိနည်းစည်းကမ်းများကို သေချာစောင့်ထိန်းကာ မြတ်စွာဘုရား၏တရားတော်များကို  ကြိုးစားလေ့လာ သင်ယူခဲ့သည်။  ထို့အပြင် လူပုဂ္ဂိုလ် တကာ,တကာမများကိုလည်း ဖွားဖွား (ခွန်ယိုင်)ထံမှ သင်ယူခဲ့ရသော အခြေခံနည်းလမ်းအတိုင်း မြတ်ဗုဒ္ဓ၏ဓမ္မတရားများကို ဘန်ဓမ္မပရာစစ် (Ban Dhammaprasit) ဓမ္မာရုံလေးထဲတွင် (ဝပ်ပါနာမ်ကျောင်းတိုက်တွင်ရှိသော တရားဟောရန် ဓမ္မာရုံငယ်) ဟောကြားပြသပေးသည်။ လာရောက်၍ တရားနာယူကြသော ပရိတ်သတ်မှာ တဖြည်းဖြည်းနှင့် များပြားလာခဲ့သည်။ ဘန်ဓမ္မပရာစစ်ဓမ္မာရုံနှင့် မဆန့်ဘဲ ဓမ္မာရုံအပြင်ဘက်တွင်ထိုင်၍ တရားနာယူကြရသည်အထိ ဖြစ်လာသောကြောင့် ကျယ်ပြန့်သော မြေနေရာတစ်ခုတွင် ယခုထက်ကြီးသော အဆောက်အဦးတစ်ခုကို တည်ဆောက်ဖို့ရန် အကြောင်းဖြစ်လာသည်။ လိမ္မာကျွမ်းကျင်ပြီး ပေးအပ်သည့်တာဝန်ကို ဇွဲလုံ့လဖြင့် ကျေပွန်အောင် ထမ်းဆောင်တတ်သော လူငယ်အမျိုးသားငယ်၊ အမျိုးသမီးငယ်များ ပါ၀င်သော ဆရာတော်ဓမ္မဇယော၏အဖွဲ့ တာဝန်ဖြစ်လာသည်။

၁၉၇၀-ခုနှစ် (သာသနာနှစ် ၂၅၁၃-ခုနှစ်) ဖေဖဝါရီလ ၂၃-ရက်နေ့ မာဃပူဇာနေ့တွင်  ဓမ္မကာယကျောင်းတိုက်ကို တည်ဆောက်ရန် စတင်ခဲ့ပါသည်။ ဧက ၈၀-မျှရှိသော  မြေအကျယ်အဝန်းကို ကျောင်းတိုက်စတင်တည်ဆောက်နိုင်ရန် အလှူရှင်ခွန်ရင်ပရယတ် (ရာထူး- ဖက်ဖုန်ဇာ – ဝိသုထာထိဗာဓီ) (Phaetayapongsa- Visudhadhibodi) သည် ဘတ်ငွေ ၃၂၀၀ ဘတ်ဖြင့် ရောင်းလှူ လှူခဲ့ပါသည်။ အသင်းအဖွဲ့များမှလည်း မြတ်ဗုဒ္ဓ၏သာသနာအတွက် မိမိတို့ဘဝကို ပေးအပ်မြှုတ်နှံလိုသောဆန္ဒဖြင့် လုပ်အားဒါန ပါဝင်ကုသိုလ်ပြုပေးကြပါသည်။ အသင်းသားများသည် အစားအသောက် စားသုံးရာတွင်လည်း အာဟာရမျှတရုံမျှသာ ပုံမှန်အားဖြင့် သုံးဆောင်သည်။ ထိုအချိန်တွင် နောက်ဆုံးရလာဒ်ကို မမြင်နိုင်သေးသော်လည်း “ပန်းတိုင်သို့ အရောက်လှမ်းမည်”ဟူသော စိတ်ဓာတ်ဖြင့် သူတို့နှလုံးသားမှာ ပြည့်ဝနေလျက် ရှိသည်။ ဆောက်လုပ်ရေးအတွက် အဓိကပြဿနာတစ်ခုမှာ ရန်ပုံငွေကို စုဆောင်းခြင်းကိစ္စ ဖြစ်သည်။

ဓမ္မကာယကျောင်တိုက်တော်ကြီး တည်ဆောက်မှုနှင့်ပတ်သက်၍ ဆရာတော်ဓမ္မဇယောမှ “ကျောင်းတော်အတွက် လိုအပ်သည်များကို လှူဒါန်းရာမှာ အလှူရှင်များက ရတနာသုံးပါးကို ဦးထိပ်ထားလျှက် ဆုတောင်းအဓိဋ္ဌာန်ပြုပြီး ဗုဒ္ဓသာသနာအတွက် လှူဒါန်းကြတယ်။ အဲဒီလှူဒါန်းမှု​အားလုံး အကျိုးများစွာရရှိနိုင်ဖို့   ဝိုင်းဝန်းကြည့်ရှု ထိန်းသိမ်းရမယ်”ဟု မိန့်သည်။ ရိုးရှင်းသော ဒီဇိုင်းဖြင့် ဆောက်လုပ်ခြင်းသည် ပြုပြင်ထိန်းသိမ်းရေးအတွက် ကုန်ကျမှုကို သက်သာစေသည်။ လှပတင့်တယ်အောင် သန့်ရှင်း‌‌‌ရေးပြုလုပ်ရန် လွယ်ကူသည်။ ယခုအဆောက်အဦများသည် လူပုဂ္ဂိုလ်ဒကာ၊ဒကာမများ လာရောက်ဖူးမြော်ရန် ဗုဒ္ဓဘာသာသင်္ကေတ ဖြစ်သည်။ ရိုးရှင်း၍ သန့်ရှင်းသပ်ရပ် ခိုင်ခန့်သော အဆောက်အဦးကို ပမာပြပါဆိုလျှင်  သိမ်ကျောင်း ဖြစ်သည်။ ဓမ္မကာယကျောင်းတိုက်တွင်းရှိ အဆောက်အဦးများတွင် အသုံးအများဆုံး အဆောက်အဦးလည်း ဖြစ်သည်။

သိမ်ကျောင်းဆောက်ရာတွင် အသုံးပြုထားသော ကွန်ကရစ်သည် သာမာန်ကွန်ကရစ် မဟုတ်ပေ။ ကမ်းရိုးတန်းရှိ သဲသောင်များမှ အကောင်းမွန်ဆုံးသော သဲများကို သင်္ဘောများဖြင့် ကျောက်ဖရားမြစ်သို့ သယ်ယူ၍ ရရှိလာသော အကောင်းဆုံးသော အရည်အသွေးဖြင့် ကွန်ကရစ်တိုင်ကို ပြုလုပ်သည်။ လိုအပ်သည်များ ရောနှောပြီးနောက် ၎င်းသည်ကြာရှည်ခံနိုင်စွမ်းကို ကျွမ်းကျင်အဖွဲ့မှ စမ်းသပ်မှု ပြုလုပ်ရသည်။ ၎င်းအဖွဲ့၏ ခွင့်ပြုချက်ရမှသာ တည်ဆောက်မှုလုပ်ငန်းကို စတင်ရသည်။ သိမ်ကျောင်းတော်၏ အပြင်ဘက်နံရံတွင် အသုံးပြုခဲ့သော ကျောက်စရစ်များမှာလည်း လက်ဖြင့်ရွေးချယ်၍ အသုံးပြုခဲ့သည်သာ ဖြစ်သည်။ ဖြူဖြူဖွေးဖွေးအဆင်းရှိသော ဆန်တစ်စေ့အရွယ်ရှိသော ကျောက်စရစ်ခဲများကို ရွေး၍ အသန့်ရှင်းဆုံးဖြစ်အောင် သန့်စင်ရသည်။ ထိုအချိန်က အလှူရှင်များနှင့် ဒေသခံပြည်သူများသည် ကျောက်စရစ်များကို ၎င်းတို့၏လက်ဖြင့် ကိုယ်တိုင်ရွေးချယ်၍ ကုသိုလ်ပါဝင်ခဲ့ကြသည်။

လူသားတို့၏ ကြီးမားသောယုံကြည်ချက်ဖြင့် ငြိမ်းချမ်းမှုကို ပြန့်ပွားစေခြင်း 

ဓမ္မကာယကျောင်းတိုက်ကို အားပေးထောက်ခံသူ၊ ကိုးကွယ်ဆည်းကပ်သူ အရေအတွက် တိုးတက်များပြားလာသောကြောင့် မြေဧက ၈၀ သည် သာသနာ့ပြုလုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ မလုံလောက်သည့်အနေအထားသို့ ဖြစ်လာ၏။ သို့ဖြစ်၍ ကမ္ဘာ့တရားအားထုတ်စင်တာကြီး တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဓမ္မကာယကျောင်းတိုက် မြေနေရာများကို ဧက တစ်ထောင် (၁,၀၀၀) အထိ တိုးချဲ့ခဲ့သည်။

ပထမဦးစွာ စတုမဟာရာဇိက (Catummaharajaka) အမည်ရှိသော၊ လူ ၅၀၀ ဆန့် တရားထိုင် ခန်းမတစ်ခုကို တည်ဆောက်ခဲ့သည်။ ဘန်ဓမ္မပရာစစ်ဓမ္မာရုံကဲ့သို့ပင် တရားထိုင်ရန် တရားနာရန် လာရောက်ကြသော လူပုဂ္ဂိုလ်များမှာ တဖြည်းဖြည်းနှင့် များပြားလာခဲ့သည်။ ဆရာတော်ဓမ္မဇယောကိုယ်တိုင် ဦးဆောင်ကျင်းပသော ဘာသာရေးအခမ်းအနားပွဲများတွင် လူဦးရေ များပြားလွန်းသောကြောင့် ခန်းမနှင့်မဆန့်ဖြစ်ကာ အပြင်ဘက် မြက်ခင်းပြင်ပေါ်တွင် ထိုင်ကြရသည်များလည်း ရှိလာသည်။ မိုးရာသီကာလ မိုးရွာချိန်တွင် အပြင်ဘက်တွင်ထိုင်၍ တရားနာကြသူတို့အတွက် အဆင်မပြေမှုများ ဖြစ်လာရသည်။ မကြာမီမှာပင် နောက်ထပ် လူဦးရေ ၁၂,၀၀၀ ဆန့်သော ဓမ္မာရုံတစ်ခုကို ဆောက်ခဲ့ရပြန်ပါသည်။ သိပ်မကြာခင်မှာ ရှေးနည်းအတူ ဖြစ်ရပြန်ပါသည်။ လူဦးရေ ၁၂,၀၀၀ ဆန့်သော ဓမ္မရုံမှာ လာရောက်၍ တရားနာသူ, တရားအားထုတ်သူများ များပြားလွန်းသောကြောင့် နေရာထိုင်ခင်း မလုံလောက် ဖြစ်ခဲ့ရပြန်သည်။  ထို့နောက် တရားအားထုတ်နိုင်ရန်နှင့် ဘာသာ‌ရေးအခမ်းအနားပွဲများ ကျင်းပနိုင်ရန်အတွက် ကြီးကျယ်ခမ်းနားသော အဆောက်အဦးတစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် အကျယ်အဝန်းအားဖြင့် ၅၀၀,၀၀၀ စတုရန်းမီတာ ကျယ်ဝန်း၍ လူဦးရေ သုံးသိန်း (၃၀၀,၀၀၀)အထိ ဝင်ဆန့်သော ဓမ္မကာယဓမ္မာရုံကြီးကို တည်ဆောက်ခဲ့သည်။ ယနေ့အချိန်အထိ ထိုဓမ္မာရုံကြီးမှာ အဆင်ပြေလျက်ရှိသည်။ ၁၉၉၆ ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ ထိုဓမ္မကာယဓမ္မာရုံကြီးထဲ၌ ဗုဒ္ဓဘာသာဆိုင်ရာအခမ်းအနားများကို ကျင်းပခြင်းဖြင့် အကျိုးရှိရှိ အသုံးပြုလျက်ရှိပါသည်။

ကိုးကွယ်ဆည်းကပ်သူ များပြားလာသည်နှင့်အမျှ ဆရာတော်ဓမ္မဇယောသည် နောက်ထပ်တစ်ဆင့် မဟာဓမ္မကာယစေတီတော်ကြီးကို တည်ထားကိုးကွယ်ရန် ဆုံးဖြတ်ခဲ့သည်။ နောင်အနာဂတ်တွင် ကမ္ဘာအနှံ့မှ လူပုဂ္ဂိုလ်များ လာရောက်တရားအာထုတ်နိုင်ရန်နှင့် ရဟန်းသံဃာတော် အပါး ၁,၀၀၀,၀၀၀ (တစ်သန်း) သီတင်းသုံးနိုင်ရန်တို့ကို ထည့်သွင်းစဉ်းစားကာ စတုရန်းမီတာ ၁,၀၀၀,၀၀၀ ကျယ်ဝန်းသည့် မြေနေရာတွင် လွန်ခဲ့သော နှစ်တစ်ထောင်ကျော်မှ ဒီဇိုင်းပုံရှိသော မဟာဓမ္မကာယစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်။

ကမ္ဘာအနှံ့မှ တစ်သန်းအရေအတွက်ရှိသော (၁,၀၀၀,၀၀၀) လူပုဂ္ဂိုလ်များ မဟာဓမ္မကာယ စေတီတော်မြတ်ကြီးဆီသို့ လာရောက်ဖူးမြော် တရားအားထုတ်ကြသည့် တစ်နေ့တွင် ထိုသူတို့သည် သတိထားစဉ်းစားမိကာ သူတို့ကိုယ်သူတို့ မေးခွန်းထုတ်ကြလိမ့်မည်။ “အခုလို တစ်နေရာထဲမှာ ဒီလောက်များပြားလှတဲ့ လူအစုအဝေးကြီး ဖြစ်လာရတာ ဘာကြောင့်လဲ?” ဟူ၍ ဆန်းစစ်လာကြလိမ့်မည်။

မဟာဓမ္မကာယစေတီတော်မြတ်ကြီးအပြင် မူလဆရာတော်ဘုရားကြီး ဦးမွန်ခွန်ထေရ်မုနိကို ကြည်ညိုပူဇော်နိုင်ရန်အတွက်လည်း မူလဆရာတော်ဘုရားကြီးအား သတိရအောက်မေ့ခြင်း အထိမ်းအမှတ် စေတီတော်ကို တည်ထားပါသည်။ တချိန်တည်းမှာပင် ရဟန်းတော်များကို ဆွမ်းအာဟာရ ဆက်ကပ်လှူဒါန်းနိုင်ရန် “ဖွားဖွား(ခွန်ယိုင်)အာစရိယ မဟာရတနာ ဥပါသိကာ  စန္ဒာခွန်နုတ်ယွန်” (Khun Yay Acariya Maharattana Upasika Chandra Khonnokyoong) အမည်ရှိသော ဆွမ်းစားကျောင်း‌ဆောက်ကြီးကိုလည်း တည်ဆောက်ထားသည်။

လက်ရှိအချိန်တွင် ဓမ္မကာယကျောင်းတိုက်သည် ထိုင်းနိုင်ငံတဝှမ်း၌ ဗုဒ္ဓဘာသာဝင်များ အဓိကစုဝေးရာနေရာ ဖြစ်လာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာအခမ်းအနားပွဲများကိုလည်း ကျင်းပလျက်ရှိပါသည်။ ဆရာတော်ဓမ္မဇယောနှင့် တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့၏ ကြိုးစားအားထုတ်မှု အနစ်နာခံမှုနှင့် စေတနာ သဒ္ဓါတရားတို့ကြောင့် ယခုကဲ့သို့ အောင်မြင်နေရခြင်း ဖြစ်ပါသည်။

ဆရာ့ကျေးဇူး

ကျောင်းတိုက်တော်ကြီးကို ပြီးစီးအောင်မြင်အောင် တည်ဆောက်နိုင်ခြင်း၊ ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းကို တည်ထောင်ခြင်း သို့မဟုတ် လူသားတို့၏စိတ်၌ ငြိမ်းချမ်းမှု ရှိစေရန်အတွက် ဗုဒ္ဓဘာသာ ပြန့်ပွားရေး ဆောင်ရွက်နိုင်ခြင်း စသော ဓမ္မကာယ ကျောင်းတိုက်တော်ကြီး၏ အောင်မြင်မှု၊ ကြော်ကြားမှုများ အားလုံးသည် နောက်ကွယ်မှ ဖော်ပြနေသော သိသာထင်ရှားသော အရေးကြီးလုပ်ဆောင်မှု တစ်ခုပင် ဖြစ်သည်။ ဆရာတော်ဓမ္မဇယောကို ယခုကဲ့သို့  ကုသိုလ်ကောင်းမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရန် တွန်းအားပေးခဲ့သူမှာ နောက်ဆုံးထွက်သက်အထိ တရားဓမ္မများ သင်ကြား ပြသပေးခဲ့သော သူ၏ဆရာ သီလရှင်ဆရာကြီး ဒေါ်စန္ဒာ(ခွန်ယိုင်)ပင် ဖြစ်ပါသည်။ ခွန်ယိုင်၏ အရေးပါမှုမှာ တန်ဖိုးဖြတ်၍ မရနိုင်။ တိုင်းတာ၍ မရနိုင်ပေ။ ထို့ကြောင့် ဆရာတော်ဓမ္မဇယောမှ ခွန်ယိုင်ကို “ဓမ္မကာယကျောင်းတိုက်တော်ကြီးကို စတင်တည်ထောင်ခဲ့သော သီလရှင်ဆရာကြီး ခွန်ယိုင် မဟာရတနာ ဥပါသိကာ စန္ဒာ ခွန်နုတ်ယွန်”လို့ ချီးကျူးခေါ်ဝေါ်ခြင်းသည် တင့်တယ်လှပါသည်။

ဆရာကြီးဒေါ်စန္ဒာ(ခေါ်)ခွန်ယိုင် သည် ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် တနင်္ဂနွေနေ့တွင် နတ်ရွာနတ်နန်း စံမြန်းသွားခဲ့သည်။ ၂၀၀၂ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ခမ်းနားထည်ဝါသော သလင်းကျောက် မီးထွန်းပွဲတော်နှင့်အတူ မီးသဂြိုလ်ခြင်း အန္တိမအဂ္ဂိဈာပနကို ကျင်းပခဲ့သည်။ ထိုဈာပနအခမ်းအနားသို့ ဓမ္မကာယကျောင်းတိုက်တွင်းမှ ရဟန်းသာမဏေများ၊ ဥပါသိကာ၊ ဥပါသိကာမများအပြင် ကမ္ဘာတလွှားမှ ဒကာ၊ဒကာမများကိုလည်း ပါဝင်ဆင်နွှဲနိုင်ရန် ပင့်ဖိတ်ခဲ့သည်။ ကြီးမားလှသော ခွန်ယိုင်၏ကျေးဇူးကို ဤနည်းဖြင့် ကျေးဇူးဆပ်ခြင်းအပြင် ခွန်ယိုင်၏အရေးပါမှုကို တစ်ကမ္ဘာလုံးမှ တန်ဖိုးထားကြောင်း၊ အလေးအမြတ်ထားကြောင်း ဖော်ပြရန် ရည်ရွယ်ခဲ့သည်။ ထိုအန္တိမအဂ္ဂိဈာပန_မီးထွန်းပွဲသို့ လူဦးရေ ငါးသိန်းခန့် (500,000) တက်ရောက်ခဲ့သောကြောင့် ဓမ္မကာယကျောင်းတိုက်၌ ကျင်းပခဲ့သမျှသော အခမ်းအနားပွဲ အားလုံးတို့တွင် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး ဖြစ်ခဲ့ရသည်။ ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၃၀,၀၀၀ ကျော်မှ ရဟန်းသံဃာတော် အပါးတစ်သိန်းကျော် (၁၀၀,၀၀၀)လည်း တက်ရောက်ခဲ့သည်။ ထို့အပြင် အကြင်နာတရားတို့ကို ဖော်ပြသောအားဖြင့်  ပြည်ပနိုင်ငံများမှ ရဟန်းတော်များစွာတို့သည်လည်း ခွန်ယိုင်၏ အန္တိမအဂ္ဂိဈာပနသို့ တက်ရောက်ရန် မိုင်ပေါင်းများစွာ ခရီးနှင်၍ လာခဲ့ကြသည်။ အံ့ဖွယ်ကောင်းသော ဤသို့သော သံဃာ့အစုအဝေးကြီးမှာ ထိုင်းနိုင်ငံသမိုင်းတွင် တစ်ခါမျှမကြုံဖူးခဲ့သည့် စုဝေးမှုကြီးဖြစ်သည်။

ထိုနေ့သည် အခမ်းနားဆုံးသော နေ့တစ်နေ့ ဖြစ်ခဲ့ရသည်။ ခွန်ယိုင်၏တပည့်များမှ ခွန်ယိုင်၏ ကျေးဇူးကြီးပုံကို ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။  ရဟန်းသံဃာတော် အပါးတစ်သိန်းကျော်ကိုလည်း တစ်စုတစ်ဝေးတည်း ဖူးမြော်ခွင့်လည်း ရခဲ့သည်။ သံဃာအပါးတစ်သိန်းကျော်အား အလှူဒါနပြုနိုင်သည့် မင်္ဂလာရှိသော နေ့မြတ်လည်း ဖြစ်ခဲ့သည်။ သံဃာအပါး တစ်သိန်းကျော်ထံမှ သာယာနာပျော်ဖွယ် ထွက်ပေါ်လာသော ပရိတ်တရားတော်ကို နာယူခွင့်ရရှိသော အံ့ဖွယ်ထူးခြားသော အခါသမယလည်း ဖြစ်ခဲ့ရပါသည်။

ယခုအချိန်တွင် ဖွားဖွားသီလရှင်ဆရာကြီး သက်ရှိထင်ရှား မရှိတော့ပေ။ သို့သော်လည်း ဆရာတော်ဓမ္မဇယောသည် လူသားတို့၏ ကိုယ်တွင်းစိတ် အေးချမ်းမှုသုခမှ အစပြု၍ ကမ္ဘာမြေကြီးတစ်ခုလုံး ငြိမ်းချမ်းစေရန် မူလဆရာတော်ဘုရားကြီး (လုံပူဝပ်ပါနာမ်)ထံမှ ဖွားဖွားသီလရှင်ဆရာကြီး သင်ယူကျင့်ကြံခဲ့သော ဓမ္မကာယတရားနည်းစနစ် ဆက်လက်ပြန့်ပွါးစေရန်အတွက် ကြိုးစားအားထုတ်၍ လုပ်ဆောင်နေလျက် ရှိပါသည်။ ယခုအချိန်အထိ ဆရာတော်ဓမ္မဇယော ပြုလုပ်ခဲ့သည်များနှင့် နောက်ထပ်ဆက်လက်၍ ပြုလုပ်သွားမည့် အရာမှန်သမျှတို့၏ ရည်ရွယ်ချက်မှာ ကမ္ဘာမြေကြီး ငြိမ်းချမ်းစေဖို့ပင် ဖြစ်ပါသည်။

ကမ္ဘာ့ငြိမ်းချမ်းမှုအတွက် ဘဝကို မြှုပ်နှံခြင်း

ဆရာတော်ဓမ္မဇယောသည် စစ်မှန်သောပျော်ရွှင်မှုသုခကို လူသားတို့ ရှာဖွေနေကြသည်ကို နာလည်ခဲ့ပြီးချိန်မှစ၍ ပရိတ်သတ်လေးပါး_တပည့်များဖြင့် ဓမ္မကာယကျောင်းတော်ကြီးကို ကုသိုလ်ကောင်းမှုများ စုပေါင်းပြုလုပ်ရာ ဌာနဖြစ်အောင် ကြိုးစားလုပ်ဆောင်၍ တည်ထောင်ခဲ့ကြသည်။

ဆရာတော်ဓမ္မဇယောသည် အတွင်းစိတ်ငြိမ်းချမ်းမှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းရန်၊ လူသားအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သူ၏ဘဝတစ်ခုလုံးကို မြှုပ်နှံထားသည်။ “ကိုယ်တွင်းစိတ် ငြိမ်းချမ်းမှုမှ ကမ္ဘာ့မြေငြိမ်းချမ်းရေးဆီသို့” ဟူသော ဆောင်ပုဒ်ဖြင့် နှစ် ၅၀ လုံးလုံး ကြိုးစားခဲ့မှုသည် နိုင်ငံများစွာနှင့် အဖွဲ့အစည်းများစွာကို အကျိုးများစွာ ဖြစ်ထွန်းစေခဲ့သည်။ ထို့အပြင် နိုင်ငံအသီးသီးတွင် ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်နိုးထ၍ တည်တံ့စေရန် ပံ့ပိုးကူညီမှုများအပြင် သဘာဝဘေးဒဏ် ကြုံတွေ့နေရသော နိုင်ငံများသို့လည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။ ဤသို့ ကြိုးပမ်းမှုများနှင့် ကြိုးပမ်းမှု၏ရလဒ်များသည် ကမ္ဘာ့ငြိမ်းချမ်းရေး အမှန်တကယ် ဖြစ်ပေါ်လာနိုင်ကြောင်း သက်သေတစ်ခုပင် ဖြစ်သည်။

ဤရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေနေ့လည်းဖြစ်၊ ဆရာတော်၏ ၇၂-နှစ်ပြည့် မွေးနေ့လည်း ဖြစ်သော ၂၀၁၆ ခုနှစ် ဧပရာယ်လ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်မှ အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့တို့သည် ဓမ္မကာယကျောင်းတိုက်သို့ စုပေါင်းလာရောက်ကြ၍ ဆရာတော်ဓမ္မဇယောကို ဆုတောင်းမေတ္တာပေးပို့ကြ၊ ဆရာတော်၏လုပ်ဆောင်မှုတို့ကို အားပေးကြသည်။ ထိုနေ့သည် နယ်ပယ်အသီးသီး၌ အောင်မြင်ကျော်ကြားသော ဇွဲလုံ့လရှိသော ရဟန်းတော်များနေ့ဟုပင် ဆိုထိုက်သည့်နေ့ဖြစ်သည်။ ဓမ္မကာယကျောင်းတိုက်မှလည်း အခမ်းအနားသို့ တက်ရောက်လာကြသော နယ်ပယ်အသီးသီး၌ ထူးချွန်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထိုနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော သူများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံပေါင်း ၄၀ မှ စာနယ်ဇင်းများ အပါအဝင် နိုင်ငံအစုံမှ ဂုဏ်ထူးဆောင် ဧည့်သည်တော်များ ပါဝင်ပါသည်။ ဂုဏ်ထူးဆောင် ဧည့်သည်တော်များထဲတွင် ထိုင်းနိုင်ငံ၊ သံဃာ့နာယကအဖွဲ့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများမှ အသိအမှတ်ပြုခံထားရသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၊ အစိုးရများ၊ လွှတ်တော်များ၊ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စာနယ်ဇင်းနှင့် လူထုဆက်သွယ်ရေး ဖောင်ဒေးရှင်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ တရားစခန်းများ စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ ခရစ်ယာန်ကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်နှစ်ဦးလည်း ထိုနေ့အခမ်းအနားသို့ တက်ရောက်၍ ဆရာတော်ဓမ္မယောကို ဂုဏ်ပြုအားပေးခဲ့သည်။

အများအကျိုးဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားသော မွန်မြတ်သော နှလုံးသားပိုင်ရှင်ဖြစ်သော ဆရာတော်ဓမ္မဇယောကဲ့သို့ ပုဂ္ဂိုလ်မြတ်တစ်ဦးအား မည်သည့်အခါမျှ အနှောက်အယှက် အတားအဆီးမရှိဟု သိမြင်နိုင်သည်။ သူ၏ရည်မှန်းချက်များကို စွန့်လွှတ်ဖို့ရန် မည်သည့်အရာကမျှ ပိတ်ပင်တားဆီးနိုင်မှု မပြုနိုင်ပေ။ အသိအမှတ်ပြုခံရဖို့၊ ဂုဏ်ပြုခံရဖို့ ကြိုးစားအားထုတ် ပြုလုပ်ခဲ့ခြင်း မဟုတ်သော်လည်း ဤကဲ့သို့ လူအများ၏ အသိအမှတ်ပြု ခံရခြင်းမှာလည်း ဆရာတော်ဓမ္မဇယော၏ လုပ်ဆောင်မှုများ လုပ်ငန်းစဥ်များ အောင်မြင်နေကြောင်း ပြယုဂ်တစ်ခုအဖြစ် ကျန်ရှိနေသည်။

ဆရာတော်၏ ပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်မှာ လူသားအားလုံး စစ်မှန်သော ပျော်ရွှင်မှုသုခကို ရရှိပိုင်ဆိုင်ကြစေရန် “ကိုယ်တွင်းစိတ် ငြိမ်းချမ်းမှုမှ ကမ္ဘာမြေငြိမ်းချမ်းမှုဆီသို့” ဟူသော ဆောင်ပုဒ်အတိုင်း ကြိုးစားလုပ်ဆောင်သွားရန် ဖြစ်သည်။ ကမ္ဘာမြေငြိမ်းချမ်းစေဖို့ သတိ၊ ပညာနှင့် ပြည့်စုံသော၊ တည်ငြိမ်အေးချမ်းသော အတွင်းစိတ်ကလေး ငြိမ်းချမ်းမှုမှ စတင်ရမည် ဖြစ်သည်။ အတွင်းစိတ်၌ ‘ပျော်ရွှင်မှုသုခ’ဖြစ်ပေါ်လာလျှင် ထိုပျော်ရွှင်မှုသုခကို မိမိကိုယ်တိုင် ဦးစွာခံစားရမည်။ ထိုမှတစ်ဆင့် မိမိပတ်ဝန်းကျင်သို့၊ ထိုမှတဆင့် မိသားစုဝင်များဆီသို့၊ ထိုမှ အဖွဲ့အစည်းများ၊ နိုင်ငံသားများ၊ နောက်ဆုံး ကမ္ဘာကြီးတစ်ခုလုံးဆီသို့ပင် ပျော်ရွှင်မှုသုခများ ငြိမ်းချမ်းမှုများ ကူစပ်ပြန့်နှံ့သွားပါလိမ့်မည်။